နေ့စဉ်လိမ်း မိတ်ကပ်လိမ်းခြင်း အမှား (၅) မျိုး

မိတ်ကပ်လိမ်းခြင်းပညာဟာ မွေးရာပါ တတ်မြောက်လာတတ်တဲ့ အတတ်ပညာ မဟုတ်သော်ငြားလည်း လေ့လာခြင်း သင်ယူခြင်း လေ့ကျင့်ခြင်းဖြင့် ပိုမိုတိုးတက် ကောင်းမွန်လာစေနိုင်တဲ့ ပညာအဖြစ် ကဗျာ ယုံကြည်တာကြောင့် မိတ်ကပ်သင်စ ရွှေမြန်မာမလေးများ အများစု မှားလေ့ မှားထ ရှိတတ်ကြတဲ့ မိတ်ကပ်အမှား (၅) မျိုးကို သတိပြု တိုးတက်စေဖို့ ဖော်ပြပေးလိုက်ပါတယ်။

မိတ်ကပ်အရောင် မှားလိမ်းခြင်း

ကိုယ့်အသားအရောင်ထက် ပိုနက်သော (သို့) ကိုယ့်အသားအရောင်ထက်ပိုဖြူသော Foundation ကိုလိမ်းခြင်းဟာ အကြီးမားဆုံးနဲ့ အလွဲဆုံးသော အမှားတစ်ခုဖြစ်ပါတယ်။ ဒီလိုမမှားရလေအောင် မိတ်ကပ်အရည် ဝယ်ယူသောအခါမှာ မှန်ကန်စွာ စမ်းသပ်နိုင်ဖို့ အလွန်အရေးကြီးပါတယ်။ မိန်းကလေးအများစုဟာ မိတ်ကပ်အရည်ဝယ်ယူသောအခါမှာ မိမိ လက်ဖမိုး လက်ဖျံတွေ မှာ အလွယ်တကူစမ်းလိမ်း ရွေးခြယ်ခြင်း မလုပ်သင့်ပါဘူး။ မိမိ မျက်နှာ အသားအရေ နှင့် အနီးစပ်ဆုံး သဘာဝအကျဆုံး အရောင်ကို ရွေးခြယ်ဖို့ ပါးမေးရိုးနှင့် လည်ပင်း ပေါ်မှာ စမ်းလိမ်းခြင်းဖြင့် မှန်ကန်သော အရောင်ကို ရွေးခြယ်ဝယ်ယူနိုင်ပါတယ်။

ခြောက်သွေ့သော အသားပေါ် မိတ်ကပ်လိမ်းခြင်း

ခြောက်သွေ့ အသားပတ်နေသော (သို့) အဖတ်လိုက် အရေခွံကွာနေသော အသားရေပေါ်သို့ မိတ်ကပ်လိမ်းခြင်းဟာ အင်မတန် ကြည့်ရဆိုးသာ လွဲမှားမှုတစ်ခုဖြစ်ပါတယ်။ ဒါဆို ခြောက်သွေ့သော အသားအရေပေါ်ကို ဘယ်လိုမိတ်ကပ်လိမ်းကြမလဲ။ အရင်ဆုံး မိတ်ကပ်မလိမ်းခင် အသားအရေကို သေချာပြင်ဆင်ဖို့ လိုပါတယ်။ အသားပတ်နေသော အသားအရေအတွက် moiturizer ခံပြီး အဖတ်ဖတ် ထနေသော အရေခွံများ ကွာကျသည်အထိ စောင့်ခြင်း၊ အသားမပတ်သော်လည်း အလွန်ခြောက်နေသော အသားအရေအတွက် moiturizer နှင့် primer အစိုခံပြီးမှသာ မိတ်ကပ်အရည်ကိုလိမ်းသင့်ပါတယ်။ ခြောက်သွေ့သော အသားအရေပိုင်ရှင်များအတွက် ဒီနည်းက တစ်ကြိမ်တစ်ခါအတွက် အလွယ်နည်းသာဖြစ်ပြီး တကယ် ရေရှည်မှာ ကိုယ့်ရဲ့ ပျက်စီးခြောက်သွေ့နေတဲ့အပေါ်ယံအသားလွှာ ကို ဆဲလ်အသစ်မြန်မြန် လဲစေဖို့ exfoliate တစ်ပတ်ကို ၂ ကြိမ်မှ ၃ ကြိမ် လုပ်ပေးခြင်းဖြင့် တင်းရင်းလှပသော အသားအရေ ကို တည်ဆောက်နိုင်ပါတယ်။

Contouring အလုပ်များခြင်း

အလှဓာတ်ပုံတွေထဲမှာ ပါးရိုးထင်ပေါ်ပြီး မျက်နှာကြွလာအောင်၊ ပါးပိန်သွားအောင် အရိပ်ထည့်ရတဲ့ Contouring ကို နေ့စဉ်လိမ်းမိတ်ကပ်မှာ အလွန်အကြွံ လိမ်းခြယ်ခြင်းဟာလည်း ဆိုးရွားတဲ့ လွဲမှားမှုတစ်ခုပါပဲ။ ဓာတ်ပုံထဲမှာ လှပေမယ့် အပြင်မှာတော့ ပိုမလှတဲ့အပြင် ထူးဆန်းနေတတ်ပါတယ်။ နေ့စဉ်လိမ်းမိတ်ကပ်အတွက် Contouring လုပ်ခြင်းထက် ပါးနီဖျော့ဖျော့လေးသာ လိမ်းခြင်းဖြင့် သဘာဝကျကျ လှလှပပ နေ့စဉ်လိမ်းမိတ်ကပ် ကို လိမ်းခြယ်ဖို့ တိုက်တွန်းလိုပါတယ်။

lip liner ထင်းထင်း ဆိုးခြင်း

နှုတ်ခမ်းနီအတွင်းသားအရောင် နှင့်ခွဲထွက်ပြီး lip liner ကို သိသိသာသာထင်ထင်ရှားရှားကွပ်လိမ်းခြင်း ဟာလည်း မိတ်ကပ်အလိမ်းမှားထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ တကယ်တော့ lip liner ဟာ အတွင်းက နှုတ်ခမ်းသားအရောင် နဲ့ အရောင်ပြေး ဖြစ်အောင် လိမ်းခြယ် အသုံးပြုသင့်သော အရာ ဖြစ်ပါတယ်။

မျက်ခုံးမွှေးအရောင်နှင့် ဆံပင်အရောင် သိသိသာသာ ကွာခြားခြင်း

ဆံပင်အရောင် ဆိုးခြင်း မကင်းသောခေတ်မှာ ကိုယ်ဆိုးထားတဲ့ ဆံပင်အရောင် နှင့် မတူသော မျက်ခုံးမွှေးအရောင်ကို ဆိုးခြင်းဟာလည်း အဆိုးရွားဆုံးမဟုတ်သော်ငြားလည်း မသင့်တော်သော မဖြစ်သင့်သော အမှားထဲမှာ ပါဝင်ပါတယ်။ အမည်းရောင်ဆံပင် ပိုင်ရှင်များ ဟာ ခဲရောင်ဖျော့ဖျော့ မျက်ခုံးမွှေးရောင်ကို ဆိုးသင့်ပြီး ၊ ရွှေအိုရောင် အညိုရောင် ဆံပင်ပိုင်ရှင်များ အညိုဖျော့ (သို့) အရင့်ကို ဆိုးသင့်ပါတယ်။

Credit : shwebeauty